ခိုလမ် စက်တင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အ.ထ.ကကျောင်း၌ ၂၀၂ဝ-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီအချိန်က စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက တက်ရောက်အမှာစကားပြောကြားပေးခဲ့သည်။
ဆက်လက်၍ တိုင်းမှူးက အ.ထ.က(ခိုလမ်)ကျောင်းအတွက် ကျောင်းရံပုံငွေ (၂၀) သိန်း၊ “ပြည်ထောင်စုအင်အား” သီချင်းဖြင့်ကပြဖျော်ဖြေသည့် ကျောင်းသူများအတွက် (၈) သိန်းနှင့် တိုင်းမှူး၏ ဇနီးဒေါ်ချိုနွယ်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများက (၈) သိန်း၊ ခိုလမ်မြို့ကုတင် (၁၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထင်ကျော်က တစ်နှစ်စာ ရေသန့်စက်ပြင်စရိတ် (၆) သိန်းကျပ်ကို အသီးသီးပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ဇနီးဒေါ်ချိုနွယ်ဦးက (၇၆) နှစ်မြာက်အာဇာနည်နေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူ များကို ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် သန်းထွန်းအောင်နှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ မြို့မိမြို့ဖများနှင့် ဆရာ/ဆရာမများက (၇၆) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတန်းလိုက် ပညာရည်ချွန်ဆုရရှိသူများနှင့် မြို့နယ်အဆင့်အခြေခံပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများကို ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။
ထို့နောက် အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက တေးသီချင်းများ မြန်မာ့ရိုးရာအကအလှများ၊ တိုင်းရင်းသားရိုးရာ အကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး အခမ်းအနားတက်ရောက်လာကြသူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
နေလင်းထွန်း(ခိုလမ်)