တောင်ဥက္ကလာပမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

တောင်ဥက္ကလာပ စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲ့အခမ်းအနားကို ယမန်နေ့ နံနက် (၁ဝး၀၀) နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၁) ရပ်ကွက် သုမင်္ဂလာလမ်းမပေါ်ရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးသောင်းလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မင်းက မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့်တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှ စည်းကမ်းကောင်းမွန်ပြီး စွမ်းရည်ပြည့်ဝစွာ ပါဝင်ဆောင်ရွက်နိုင်ရေးဆိုသည့် မွန်မြတ်သည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ သင်တန်းသားများအား အရန်မီးသတ်ဖွဲ့တူညီဝတ်စုံများကို ထောက်ပံ့ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအား စက်တင်ဘာ ၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ သင်တန်းသား (၅၀) ဦးဖြင့် သင်တန်းကာလ ရက်သတ္တပတ် (၄) ပတ်ဖွင်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးသောင်းလွင်၊ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)