ဒေါပုံမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ဒေါပုံ အောက်တိုဘာ  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့ နေ့လယ် (၁:၃၀)အချိန်တွင် မြို့နယ်ကော်မရှင် အစည်းအဝေးခန်းမ ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိူးစန်းက မဲရုံသို့ ကိုယ်တိုင် လာရောက် မဲပေးနိုင်ခြင်းမရှိသော အသက်(၆၀) နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင် မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊  ကိုဗစ်- ၁၉ ရောဂါနှင့်စပ်လျဉ်းသည့် ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များအရ မိမိမဲဆန္ဒနယ်များသို့ ပြန်လည်ဆန္ဒမဲပေးခြင်း မပြုနိုင်သည့် မဲဆန္ဒရှင်များအား ပုံစံ (၁၅) လျှောက်ထား၍ ကြိုတင်ဆန္ဒမဲ လုပ်ငန်းစဉ်များ အကြောင်းကို ဆွေးနွေးပြီး ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ယဉ်ယဉ်အောင်က မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်လှစ်မည့် အခြေအနေများ၊ ကိုဗစ်-၁၉ရောဂါအခြေအနေအရ Quarantine Center ပြုလုပ်သည့်အတွက် မဲရုံသစ် (၂)ရုံ တည်ဆောက်မည့် စသည့်ကိစ္စများအားရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးထိန်လင်းက  မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များမှ မိမိတာဝန်ကျရာမဲရုံများအလိုက် ကြီးကြပ်ဆောင်ရွက်ရန်ကိစ္စရပ်များအား ပြောကြားပြီး တက်ရောက်လာကြသောဌာနဆိုင်ရာများက အသီးသီးဆွေးနွေး ပြောကြားခဲ့ ကြောင်းသိရသည်။
သဲစုစုလွင် (ပြန်/ဆက်)