မြစ်ကြီးနားတက္ကသိုလ်၌ လူငယ်သီတင်းပတ်အဖြစ် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှု လူငယ်နှင့်ဉာဏဗလ ဖွံ့ဖြိုးတိုးတက်ရေးစာတမ်းဖတ်ပွဲ ကျင်းပ

မြစ်ကြီးနား စက်တင်ဘာ ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ လူငယ်သီတင်းပတ် (Youth Fair Week) အဖြစ် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌ရေး လှုပ်ရှားမှုတစ်ရပ်အနေဖြင့် လူငယ်နှင့်ဉာဏဗလဖွံ့ဖြိုး တိုးတက်ရေး စာတမ်းဖတ်ပွဲကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ဗဟိုခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက စာတမ်းဖတ်ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဓာတုဗေဒဌာန၊ မဟာသိပ္ပံ ဒုတိယနှစ်၊ ကျောင်းသူမယမင်းသိမ့်က “အုန်းဆံခွံမှ ထုပ်ပိုးစက္ကူထုတ်လုပ်ရာတွင် ပြင်ဆင်မှုနှင့်ပါဝင်သည့် ထူးခြားရပ်များ” စာတမ်းနှင့် သတ္တဗေဒဌာန၊ မဟာသိပ္ပံဒုတိယနှစ်ကျောင်းသူ မဝတ်ရည်သန့်က “ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်ရှိ‌သောပျားများ၏ ဘဝဆက်ဝန်းနှင့် ပျားရည်ဘယ်လိုထုတ်လုပ်‌နေသည်” စာတမ်းများအား အသီးသီးဖတ်ကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာဇင်မာလတ်နှင့်တာဝန်ရှိသူများ၊ ကျောင်းသား/သူများက ဖတ်ကြားခဲ့သည့်စာတမ်းများအပေါ် ဆွေးနွေးမေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် မြစ်ကြီးနားတက္ကသိုလ် လူငယ်သီတင်းပတ် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုများအနေဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် အခမ်းအနားများကို စက်တင်ဘာ ၄ ရက်‌နေ့မှ ၇ ရက်‌နေ့အထိ “လူငယ်နှင့်ဉာဏဗလ” စာတမ်းဖတ်ပွဲ၊ လူငယ်နှင့်ကာယဗလပြိုင်ပွဲ၊ လူငယ်နှင့်စာရိတ္တဗလ၊ လူငယ်နှင့်မိတ္တဗလ၊ လူငယ်နှင့်ဘောဂဗလ အစီအစဉ်များကို သတ်မှတ်ရက်အလိုက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)