မိုးညှင်းမြို့နယ်တွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

မိုးညှင်း စက်တင်ဘာ ၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က‌၊ ရေး၊ တီးပြိုင်ပွဲများတွင် မြို့နယ်အဆင့်ယှဉ်ပြိုင်ကြမည့် ကျောင်းသား/သူများမှ အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် မြို့ပေါ်ရပ်ကွက်/ကျေးရွာများမှ ဝါသနာရှင်များ ယှဉ်ပြိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ပြိုင်ပွဲကျင်းပနိုင်ရေး ဆပ်ကော်မတီဝင်များမှ လုပ်ငန်းကဏ္ဍများအလိုက် လိုအပ်သည်များကို အသီးသီးဆွေးနွေးတင်ပြကြရာ ယင်းဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဆိုပါပြိုင်ပွဲအား စည်ကားသိုက်မြိုက်စွား ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မိုးညှင်းမြို့နယ်တွင် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲအမျိုးအမည်များမှာ စန္ဒယားအတီး၊ ဆိုင်းအတီး၊ စောင်းအတီး၊ ကဗျာလွတ်၊ အမျိုးသားအမျိုးသမီးအကနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး၊ မဟာဂီတ၊ ခေတ်ဟောင်း ကာလပေါ်အဆိုပြိုင်ပွဲများတွင် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် ဝါသနာရှင်များ အသီးသီး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေမိုးညှင်း (ပြန်/ဆက်)