မြစ်ကြီးနားမြို့နယ်အခွန်ဦးစီးဌာနက အရောင်းနှင့် ဝန်ဆောင်မှုပြေစာများပေါ်တွင် အခွန်အမှတ် တံဆိပ်ကပ်နှိပ်နိုင်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်

မြစ်ကြီးနား စက်တင်ဘာ ၄

ကချင်ပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြစ်ကြီးနားမြို့နယ်အခွန်ဦးစီးဌာနက မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်း၊ ရွှေဆိုင်၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ အရောင်းဆိုင်များ ရောင်းချလျက်ရှိသော ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းကို ဥပဒေနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ထိုသို့ ရှင်းလင်းဆွေးနွေးရာတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြည်တွင်းအခွန်များ ဦးစီးဌာနက လိုက်နာကျင့်သုံးလျက်ရှိသော အခွန်ဆိုင်ရာဥပဒေများ၊ ကောက်ခံလျက်ရှိသော အခွန်အမျိုးအစား များနှင့် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရန် သတ်မှတ်ထားသော အရောင်းပြေစာများပေါ်တွင် အမှတ်တံဆိပ်ကပ်နှိပ်၍ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များ၏ သိလိုသည်များနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲသို့ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဟိုတယ်နှင့်တည်းခိုခန်း လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်ပိုင်ရှင်များ၊ ရွှေဆိုင်ပိုင်ရှင်များ၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ အရောင်းဆိုင်ပိုင်ရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)