မော်လမြိုင် စက်တင်ဘာ ၄
မွန်ပြည်နယ်အနေဖြင့် ပြည်နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်လျက် ပညာရေး၏ အခြေခံဖြစ်သည့် လူငယ်၊ လူရွယ်များ၏ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနဲ့ ဘောဂဗလဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မော်လမြိုင်ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် သင်ကြားရေး ဆရာ၊ ဆရာမများ၊ သင်တန်းသူ၊ သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။
အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမြတ်သွင်၊ မော်လမြိုင်ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး၊ ဒေါ်မိညိုညိုရှိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံတာဝန်များကို ပုခုံးပြောင်း တာဝန်ယူကြရမယ့်သူများဖြစ်ပြီး အနာဂတ်နိုင်ငံတော်ကို ထုဆစ်ပုံဖော်ကြမယ့်သူများ ဖြစ်သည်နှင့်အညီ ယနေ့ကျင်းပပြုလုပ်သည့် “လူငယ်သီတင်းပတ်” ဖွင့်ပွဲအခမ်းအနားမှာ လူငယ်မောင်မယ်တို့ကို တွေ့ရှိရတဲ့အတွက် အထူးပဲဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ဆရာ၊ ဆရာမတစ်ဦးအဖြစ်သာမက မိမိတို့တာဝန်ကျရာဒေသအတွက် ရပ်ရွာအကျိုးသယ်ပိုးဆောင်ရွက်ရာတွင် ဦးဆောင်နိုင်သူ၊ မှန်ကန်တဲ့အသိပညာသဘောထားခံယူချက်များ ဝေမျှနိုင်သူအဖြစ် နိုင်ငံတာဝန်များကို တစ်ဖက်တစ်လမ်းမှ ထမ်းဆောင်နိုင်သူများဖြစ်စေရေးအတွက် ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိညိုညိုရှိန်မှ မော်လမြိုင်ပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ်အခမ်းအနားကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မော်လမြိုင်ပညာရေး ဒီဂရီကောလိပ်မှ သင်တန်းသူ၊ သင်တန်းသားဆရာ၊ ဆရာမလေးများ၏ ကာယပညာဌာန၏ မြန်မာ့သိုင်း(၆၃)ကွက်သရုပ်ပြသခြင်း၊ ဓားသိုင်းပညာသရုပ်ပြသခြင်း၊ Fitness Dance ဖြင့် ကပြဖျော်ဖြေခြင်း၊ ဂီတအနုပညာဌာန၏ ကဗျာလွတ်အကဖြင့် တင်ဆက်ကပြဖျော်ဖြေနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ မော်လမြိုင်ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသူ၊ သင်တန်းသားဆရာ၊ ဆရာမများ၏ ဗလငါးတန်ဖွံ့ဖြိုးဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်စို့ခေါင်းစဉ်ဖြင့် ပိုစတာပြပွဲ ပြသခြင်းနှင့်ပညာရေးလက်တွေ့ ဖွံ့ဖြိုးမှုဌာနများ၏ လက်တွေ့လုပ်ငန်းများ ခင်းကျင်း ပြသထားရှိမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်ပညာရေး ဒီဂရီကောလိပ်မှ သင်တန်းသူ၊ သင်တန်းသားဆရာ၊ ဆရာမများကို ဗလငါးတန်ဖွံ့ဖြိုးဖို့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် အခြေခံပညာအဆင့်များရှိတဲ့ ကျောင်းသား၊ ကျောင်းသူများအားလုံး သတ်မှတ်ထားသော အသိပညာကျွမ်းကျင်မှုနှင့် သဘောထားအယူအဆ၊ အတွေးအမြင်များကို ပညာသင်ကြားသင်ယူမှု နည်းစနစ်များနှင့်အညီ လေ့လာသင်ယူနိုင်သူများ ဖြစ်ကြစေရန် တာဝန်ရှိသူများ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြပြီး ပညာရေးအဆင့်အတန်း ယခုထက်ပိုမိုမြင့်မားကာ လူ့အစွမ်းအားအရင်းအမြစ်များ ကောင်းစွာပေါ်ထွက်လာပါစေကြောင်းပြောကြားကာ မော်လမြိုင်ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသူ၊ သင်တန်းသားဆရာ၊ ဆရာမများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။
မော်လမြိုင်ပညာရေးဒီဂရီကောလိပ်အနေဖြင့် ဗလငါးတန်ပြည့်စုံပြီး အရည်အချင်းပြည့်ဝသော ဆရာကောင်းဆရာမွန်များမွေးထုတ်ပေးနိုင်ရေး (၂၀၂၂-၂၀၂၃ ) ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ် ပထမနှစ်ဒုတိယနှစ်ဝက်၊ ဒုတိယနှစ်ပထမနှစ်ဝက် ဒုတိယနှစ်ဒုတိယနှစ်ဝက်၊ အတန်းသုံးတန်းပါစုစုပေါင်း ကျား ၁၄၈ဦး၊ မ ၃၇၃ဦး ပေါင်း ၅၂၁ ဦး လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)