ဒဂုံတက္ကသိုလ်တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်သီတင်းပတ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဒဂုံအရှေ့ စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်သီတင်းပတ်ဖွင့်ပွဲ အခမ်းအနားကို ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို ဒဂုံကတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက မြကျွန်းညိုညိုသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်က အဖွင့်အမှာစကားပြောကြားခြင်း၊ အရှေ့တိုင်းပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာတင်စန်းအေးက လောကနီတိအကြောင်း ရှင်းလင်းဟောပြောခြင်း၊ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်မှ လောကနီတိအကြောင်း ဟောပြောပေးသော ပါမောက္ခ/ဌာနမှူး ဒေါက်တာတင်စန်းအေးအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခဲ့ပြီး​နောက် ဒဂုံတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက လူချွန်လူကောင်းသီချင်း၊ တစ်ချိန်တုန်းကတက္ကသိုလ် သီချင်းတို့ သတိရနေမှာပါသီချင်း၊ မြရိပ်မြိုင်အငြိမ့်တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များမှ ဆုငွေများချီးမြှင့်ခဲ့ကြသည်။

ထို့​နောက် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်သီတင်းပတ်လှုပ်ရှားမှုကို စက်တင်ဘာ ၄ ရက်နေ့မှ စက်တင်ဘာလ ၈ ရက်နေ့အထိ ငါးရက်တာပြုလုပ်သွားမည်ဖြစ်ပြီး လူငယ်သီတင်းပတ်လှုပ်ရှားမှုများအဖြစ် International Karate Organization ဒဂုံတက္ကသိုလ် Kyokushin Karate သင်တန်းသား၊ သင်တန်းသူ၊ နည်းပြများကသရုပ်ပြခြင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ MSESI မဟာဘွဲ့အတွက် ဂျာမနီနိုင်ငံသို့ ပညာသင်သွားရောက်ခဲ့သော Exchange Student (၄) ဦး၏ Social Innovation Project အစီအစဥ်၊ မြန်မာလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင် (၅) ဦးမှ စီးပွားရေးလုပ်ငန်း အတွေ့အကြုံများနှင့် ပတ်သက်၍ Innovation For Sustainability ခေါင်းစဥ်ဖြင့် ဆွေးနွေးပြောကြားခြင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာဟောပြောခြင်း၊ ဘူမိဗေဒနှင့်သတ္တဗေဒအထူးပြုကျောင်းသား၊ ကျောင်းသူများက အုပ်စုအလိုက် Term Paper Presentation ပြုလုပ်ခြင်းနှင့် ပိုစတာပြပွဲများ၊ ဒဂုံတက္ကသိုလ်ရှိဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ သစ်ပင်စိုက်ပျိုးပွဲများ၊ ဥပုသ်သီတင်းဆောက်တည်ခြင်းနှင့် သီလခံယူပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲမင်းထက် (ပြန်/ဆက်)