ဇေယျာသီရိ စက်တင်ဘာ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းအဆင့် (၁/၂)လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ယခုသင်တန်းတွင် ဌာနဆိုင်ရာအသီးသီးမှ သင်ကြားပို့ချပေးမည့် ဘာသာရပ်များသည် လက်တွေ့လုပ်ဆောင်ရမည့်အရာများဖြစ်သည့်အတွက် တက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စိတ်ပါဝင်စားစွာ လေ့လာမှတ်သားစေလိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမောင်မောင်ဦးက သင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းသား/သူ ၃၃ ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေများအကြောင်း၊ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေ၊ ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းလမ်းညွှန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို စက်တင်ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိသင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)