ရမည်းသင်း စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်နှင့်ယဉ်ကျေးမှု အသိပညာပေးဟောပြောပွဲ၊ မူလတန်းအဆင့် ပုံပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက လူငယ်နှင့်ယဉ်ကျေးမှုဆိုရာတွင် လူရဲ့အပြုအမှုများကို စီစဉ်ညွှန်ကြားပြီး သဘာဝပတ်ဝန်းကျင်ကို လိုက်လျောညီထွေနေနိုင်တဲ့ လူအသိဉာဏ်ရဲ့ရလဒ်တွေကို ယဉ်ကျေးမှုဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး ယဉ်ကျေးမှုသည် ရုပ်ပိုင်းအားဖြင့် လူသားတို့တီထွင်ဖန်တီးထားသော စာပေအနုပညာလက်ရာဂီတများ၊ အဆောက်အအုံများကို ဆိုလိုကြောင်း ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် အခြေခံပညာမူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကို ကျင်းပခဲ့ရာကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၂)ဦး၊ ပုံပြော ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတ၊ ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇော်ဝင်းအောင်