သုံးခွမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

သုံးခွ စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက သုံးခွမြို့နယ် ကတုံးပေါ်အထက်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်တင်တင်ထွေးက ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့်စာပေများကို လေ့လာဖတ်ရှုစေလိုကြောင်း၊ စာ​ပေဖတ်ရှုခြင်းကြောင့် အတွေးအခေါ်မြင့်မားလာပြီး အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်ဖြင့် ပြည့်စုံကြွယ်ဝသည့် လူငယ်လူရွယ်များပေါ်ထွန်းလာစေရန် ဟောပြောခဲ့သည်။ ထို့နောက်  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးအရာရှိ ဦးခုပ်စွမ်းခိုင်က ယှဥ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားစသည့် အားကစားအကြောင်း သိကောင်းစရာများကို ဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတ၊ ရသစာအုပ်များနှင့်  အသိပညာပေးနံရံကပ်စာစောင်များကို  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက   စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြကြောင်း သိရသည်၊၊

စည်သူလင်း ပြန်/ဆက်