ပန်းဘဲတန်း အောက်တိုဘာ ၁၆
ပန်းဘဲတန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များရှေ့ တွင် ကြိုတင်မဲပုံးများ အလွတ်ဖြစ်ကြောင်း ပြသပြီးချိတ်ပိတ်တပ်ဆင်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဲပေးမည့်ပြည်သူများ မိမိရောက်ရှိရာဒေသတွင် ပုံစံ(၁၅) လျှောက်ထား၍ ကြိုတင်မဲပေး နိုင်မည်ဖြစ်ကြောင်း၊ ပုံစံ (၁၅)ဖြင့် လျှောက်ထားလိုသူသည် ကိုဗစ်-၁၉ရောဂါနှင့် စပ်လျဉ်းသည့် ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များအရ မိမိမဲပေးမည့်နေရပ်သို့ ပြန်လည်မဲပေးနိုင်ခြင်း မပြုနိုင် သည့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်ဖြစ်ရန်လိုကြောင်း၊ ပန်းဘဲတန်းမြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက်(ပြည်တွင်း) (၂၁)ဦးနှင့် ပြည်ပရောက်(၂၂၃)ဦး ကြိုတင်ဆန္ဒမဲ ပေးသွားမည်ဖြစ်ကြောင်း၊ ကြိုတင်ဆန္ဒမဲပြုခြင်းကို အောက်တိုဘာလ (၈)ရက်နေ့မှ (၂၁)ရက်နေ့ အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဒေါ်ငုဝါစိုး၏ ပြောကြားချက်အရ သိရှိရပါသည်။
ပန်းဘဲတန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိလာမည့် ကြိုတင်မဲများကို သက်ဆိုင်ရာမဲပုံးများ အတွင်းထည့်သွင်းပြီး လဲလှယ်ခြင်း၊ ပြောင်းလဲခြင်းများ မပြုလုပ်နိုင်ရန် မူလဆန္ဒပြုထားသည့်အတိုင်း ထည့်သွင်း သိမ်းဆည်းနိုင်ရေးအတွက် နိုင်ငံရေးပါတီ ကိုယ်စားလှယ် များရှေ့တွင် ချိတ်ပိတ်တပ်ဆင်ပြီး သက်ဆိုင်ရာမှတ်တမ်း တွင်အတည်ပြု လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေခြည်(ပြန်/ဆက်)