ဒဂုံတောင် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းအစည်းအဝေး ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်စိုး (နေစိုးသော်)က ယနေ့အစည်းအဝေးသည် လစဉ် လတစ်လ၏ ပထမပတ် တနင်္ဂနွေနေ့တိုင်း ကျင်းပမြဲဖြစ်ပြီး အချင်းချင်းရင်းနှီးချစ်ကြည်စွာ စာပေဗဟုသုတများ ဖလှယ်နိုင်သော အစည်းအဝေးဖြစ်ကြောင်း မိမိတို့ မြို့နယ်စာရေးဆရာအသင်းက ၃ လတစ်ကြိမ် ထုတ်ဝေလျက်ရှိသော ဝတ်မှုန်ဦးစာစောင်သည် ယခုဆိုလျှင် ၃ ကြိမ်မြောက် ထုတ်ဝေပြီးဖြစ်ကြောင်း၊ ၄ ကြိမ်မြောက်ထုတ်ဝေရန် စာမူများရေးသားပေးပို့ရေး စာရေးဆရာများအနေဖြင့် ကလောင်သွေးနေရန်လိုပါသဖြင့် စာစောင်ထုတ်ဝေနေခြင်းဖြစ်ကြောင်း လူထုအကျိုးပြုစာပေကောင်းများ ထွက်ပေါ်လာရေးလည်း ရည်ရွယ်ပါကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရေး စသဖြင့် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တတ်ရောက်လာကြသော စာရေးဆရာအသင်းအဖွဲ့ဝင်များက စာမူရေးသားနေမှုအခြေအနေ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အသေးစိတ် ပြန်လည်ညှိနှိုင်းဆွေးနွေးကြရာ အသင်းဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကြောင်း သိရသည်။
သန်းသန်းအေး