တောင်ဥက္ကလာပ စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် စာရေးဆရာအောင်ဆင့်၏ “ဂျပန်သွား...တောလား” စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
စာအုပ်မိတ်ဆက်ပွဲအခမ်းအနားတွင် တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာ မောင်မြကျော်က အဖွင့်ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဆရာအောင်မြင့်ဦး၊ ဒေါက်တာစောလွင်(ပန်းသစ်ခွသုတေသီ)နှင့် ဆရာမလွင်လွင်ဝေ(မြန်မာစာ)တို့က မုဒိတာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စာရေးဆရာအောင်ဆင့်မှ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်နှင့် ရည်ညွှန်းစာကြည့်တိုက်များသို့ ဆရာရေးသားထားသော “ဂျပန်သွား...တောလား” စာအုပ်များကို လှူဒါန်းခဲ့ပါသည်။
ထိုနောက် စာရေးဆရာကြီး အောင်ဆင့်မှ စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများ၊ စာရေးဆရာ၊ ဆရာမများအတွက် ဆရာကြီးရေးသားထားသော “ဂျပန်သွား...တောလား” စာအုပ်တစ်အုပ်စီ လက်ဆောင်ပေးခဲ့ပြီး စာအုပ်မိတ်ဆက်ပွဲ တက်ရောက်လာသူများအား ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)