သင်္ဃန်းကျွန်း စက်တင်ဘာ ၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၄) အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျပန်းစကားပြောပြိုင်ပွဲကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နေ့လယ်(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့်စကားအတိုင်း နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ/လူငယ်လူရွယ်လေးများအနေဖြင့် တင်္ခနုပ္ပတ္တိဉာဏ်များ ဖွံ့ဖြိုးရှင်သန်စေရန်၊ နှုတ်မှုရေးရာ စွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊ ကောင်းသောယှဉ်ပြိုင်မှုမှ တစ်ဆင့် မိမိ၏ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင် ကြိုးပမ်း အားထုတ်တတ်စေရန်၊ အသိပညာဗဟုသုတတွေကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသည့် အလေ့အကျင့်များဖြစ်ပေါ်လာစေရန်နှင့် အနာဂတ်နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြက်သည့် လူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုကဲ့သို့ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၈)ဦးက မဲကျရာခေါင်းစဉ်များဖြစ်သည့် “မူးယစ်ရန်စွယ်တို့ကာကွယ်၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ ပညာရဲရင့်ပွဲလယ်တင့်၊ အစဥ်ရှေးရှု မြန်မာ့ယဉ်ကျေးမှု၊ စာပေမြှင့်မှလူမျိုးတင့်မည်” စသည့် ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ခရိုင်(ပြန်/ဆက်)