ဗန်းမော်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်း ကွင်းဆင်းဆောင်ရွက်

ဗန်းမော် စက်တင်ဘာ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဆိုင်ရာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီခွဲခန့်က ဗန်းမော်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံဖြိုးရေးသင်တန်းကျောင်း(ဗန်းမော်) ကျောင်းအုပ်ကြီး ဦးလောင်းထန်က အဖွင့်အမှာစကားပြောကြားပြီး ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဦးတည်ချက် (၉)ရပ်တွင် ပါရှိသည့် လူမှုရေးဦးတည်ချက်၏ တတိယအချက်ဖြစ်သော နိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်  ပြည့်စုံသော လူငယ်များဖြစ်စေရန်၊ လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက် ရေးအတွက် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန်ပြည့်ဝစေရန်၊ လူငယ်ရေးရာဆိုင်ရာ ဗလငါးတန်ဖွံ့ဖြိုးရေးရာများအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ လူကုန်ကူးခြင်းဆိုင်ရာ သိမှတ်လိုက်နာဖွယ်ရာများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးနှင့်ပက်သက်၍ ဆိုးကျိုးများနှင့် ကျောင်းသားလူငယ်များ လိုက်နာသင့်သည့် အချက်များကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံဖြိုးရေးသင်တန်းကျောင်း(ဗန်းမော်)မှ ဝန်ထမ်းဆရာ၊ ဆရာမများနှင့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၅)ဦး တက်ရောက်ခဲ့ကြသည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ခင်းကျင်းပြသထားသည့် "လူကုန်ကူးခြင်းဆိုင်ရာ" အသိပညာပေးနံရံကပ်စာစောင်၊ "ကလေးသူငယ် အလုပ်သမားပပျောက်ရေး"ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ "ရှောင်လေဝေးဝေးမူးယစ်ဆေး" နံရံကပ်စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ၊ အသိပညာဗဟုသုတရရှိစေသည့် သုတ/ရသ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)