ပင်းတယ စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ အချိန်က သစ်အယ်ပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသပညာရေးမှူး ဦးခင်ဇော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ “လူငယ်နှင့်ရည်မှန်းချက်”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ယင်းနောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းခတ္တာမောင်က “လေထုသန့်ရှင်းဖို့ လက်တွဲပူးပေါင်းပါဝင်ဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ ဝန်ထမ်းများက အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား သုတ၊ ရသစာအုပ်များ ဖတ်ရှုစေခဲ့ပြီး မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားဖြင့် လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင် ကျောင်းသား/ ကျောင်းသူများအား စာဖတ်သည် အလေ့အထများရှိစေရေးနှင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိမြင်စေရန်အတွက် ဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင်ပတ်သက်၍ ကြိုတင်ရှောင်ရှားကာကွယ်နိုင်ရေးအတွက် အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံပညာကျောင်းများသို့ လစဉ်ကွင်းဆင်း၍ ဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)