တွံတေး စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် (၉)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနများတွင် ပုံမှကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန သားဖွားဆရာမများ ဦးဆောင်၍ မြို့ပေါ်ရပ်ကွက် (၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မွေးစ(၂)လမှ အသက်(၁၈)လအထိ ကလေးငယ်များအား ပြင်းထန်တီဘီ၊ အဆုတ်ရောင်၊ ငါးမျိုးစပ်ရောဂါကာကွယ်ဆေး၊ ပိုလီယို
ရောဂါကာကွယ်ဆေးထိုး/အစက်ချကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများကို အသက်အရွယ် အလိုက်သက်ဆိုင်ရာဆေးများကို ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်းနှင့် အဆိုပါကာကွယ်ဆေးထိုး၊ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ဆေးရုံနှင့်ကျန်းမာရေးဌာနတွင် လစဉ်ပုံမှန်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းလုပ်ငန်းကို မြို့ပေါ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ကျေးလက်ပြည်သူ့ကျန်းမာရေးဌာနတွင် လစဉ်(၁) ရက်နေ့မှ(၄)ရက်နေ့ အထိထိုးနှံပေးလျက်ရှိပြီး ကျန်ရက်များတွင် ရပ်ကွက်နှင့်ကျေးရွာများရှိ ကျန်းမာရေးဌာနခွဲများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တွံတေးသား