ကျောက်တော် စက်တင်ဘာ ၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ပန်းခင်း(၂)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပန်းခင်း(၂)စီမံချက်ဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေး နိုင်ငံသားဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေးအတွက် ပြည်သူလူထုအားလုံး၏ လက်ဝယ်၌ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုးကို ကိုင်ဆောင်နိုင်ရေး ကျောင်းသား/သူများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိန်းမောင်က ပြောကြားသည်။
အဆိုပါ ပန်းခင်း(၂)စီမံချက်ဖြင့် အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ စုစုပေါင်း(၂၄၈)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများနှင့် ရပ်ကွက်ကျေးရွာများသို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ခင်မောင်ထွန်း