သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာတွင် ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားပြုလုပ်

သထုံ စက်တင်ဘာ

ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ်၊ ကရင်တိုင်းရင်းသားတို့၏ ဝါခေါင်လရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့(ဝါခေါင်လပြည့်ကျော် ၃ ရက်) နံနက်ပိုင်းက သထုံမြို့နယ် ဒုံဝန်းကျေးရွာ အသောကရာမကျောင်းတိုက်၌ ပြုလုပ်သည်။

ရှေးဦးစွာ ပင့်ဖိတ်ထားသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား အာရုဏ်ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိသတ်များက သီလခံယူဆောက်တည်၍ ပရိတ်တရားတော်များ နာယူကာ ကောင်းမှုကုသိုလ်များအတွက် ရေစက်သွန်းချအမျှတန်းပေးဝေ သာဓုခေါ်ဆိုခဲ့ကြသည်။

ထို့နောက် အသောကာရာမကျောင်း ဆရာတော် ဦးပညာစက္ကနှင့် သံဃာတော် အရှင်သူမြတ်များအား အမှူးထား၍ ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအစီအစဉ်များအတိုင်း ဆက်လက်ကျင်းပရာ ချစ်ကြည်ရင်းနှီးစွာဖြင့် ကြွရောက်လာကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများက အဖိုးအဖွားများထံမှ ချည်ဖြူဖွဲ့ မင်္ဂလာခံယူခဲ့ကြပြီးနောက် ဧည့်ပရိသတ်များအား သက်သတ်လွတ် မုန့်ဟင်းခါးနှင့် ရိုးရာမုန့်မျိုးစုံတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို နှစ်စဉ်ကျင်းပခြင်းသည် စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာဓလေ့များကို ဖော်ထုတ်သည့်အနေဖြင့် ကျင်းပခြင်းဖြစ်ပြီး မိဘဘိုးဘွားတို့အနေဖြင့် မိမိတို့၏သားသမီးမြေးမြစ်များ တကွဲတပြားမဖြစ်စေဘဲ စုစုစည်းစည်း ချစ်ချစ်ခင်ခင်ရှိကြရန်နှင့် ကျန်းမာပျော်ရွှင်စွာရှိကြစေရန်၊ ကွဲကွာနေသောဆွေမျိုးစုများ ပြန်လည်တွေ့ဆုံရေး၊ မိသားစုပြန်လည်စုစည်းရေး၊ အချင်းချင်း ချစ်ကြည်သွေးစည်းမှုခိုင်မြဲရေး၊ ကြီးပွားတိုးတက်စေရေး၊ ဘေးပယောဂမကောင်းကြံစည်မှုများအား နားမယောင်စေရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကားပြောနိုင်ရေးတို့အတွက် ရည်ရွယ်ကာကျင်းပရခြင်းဖြစ်ကြောင်း သထုံမြို့နယ်တွင် ကရင်တိုင်းသား ၈၀၀၀၀ ဝန်းကျင်ခန့်နေထိုင်လျက်ရှိပြီး ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို သထုံမြို့ပေါ်နှင့် ကရင်တိုင်းရင်းသားအများစု နေထိုင်သည့် ကျေးရွာ ၃၇ ရွာတို့၌ နှစ်စဉ်ပြုလုပ်လေ့ရှိကြောင်း မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။

ခရိုင်(ပြန်/ဆက်)