တာလေ စက်တင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက နားယောင်းကျေးရွာအုပ်စု၊ ရန်အောင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာန၊ တာချီလိတ်ခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဒေါက်တာတင်ကိုကိုက ကျေးလက်ဒေသ(သို့မဟုတ်) တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရာတွင် လိုက်နာရမည့်အချက်အလက်များ၊ ဝက်များပြောင်းရွှေ့သယ်ဆောင်ရာတွင် လိုက်နာရမည့်အချက်အလက်များနှင့် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအား အသေးစိတ်ရှင်းလင်းဟောပြောပြီး ဒေသခံပြည်သူများသိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားဆွေးနွေးသည်။
ယင်းနောက် ဝက်မွေးမြူရေးခြံများတွင် အသုံးပြုရမည့် ပိုးသတ်ဆေးဘူးများအား ထောက်ပံ့ပေးအပ်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဉီးဒေးဗစ်က လက်ခံရယူပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဝန်ထမ်းများက ပိုးသတ်ဆေးအသုံးပြုနည်းအား လက်တွေ့ရှင်းလင်း ပြသပေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)