(၃၉) ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံဝါတော် (၄၀) နှင့်အထက် ဆရာတော်ကြီးများအား ပူဇော်ကန်တော့ပွဲကျင်းပ

မုဒုံ စက်တင်ဘာ ၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် (၃၉) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ ဝါတော် (၄၀) နှင့်အထက် ဆရာတော်ကြီးများအား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက် ၈ နာရီက မြို့မ (၂)ရပ်ကွက်ရှိ လေးထပ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဂျုံးဂျုံးဂျတောရ​ကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ ကိတ္တိဝဏ္ဏထံမှ မြို့နယ်ဗုဒ္ဓဘာသာကလျာယုဝအသင်း (YMBA) နာယကဗိုလ်မှူးကြီး(ငြိမ်း) ဝင်းနိုင်ဦး၊ မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးမိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ပင့်ကျောင်းသံဃာတော်များနှင့် ဒါယကာ/ဒါယကမများက ဝါတော်(၄၀)နှင့်အထက် သံဃာ့မထေရ်ကြီးများအား ပူဇော်ကန်တော့၍ ဓမ္မရာဇိန်ကျောင်းဆရာတော်က ဆုချီးမြှင့်ပေးအပ်ကာ ဆရာတော်/သံဃာတော်တို့မှ မေတ္တာသုတ်ပရိတ်ရွတ်ဖတ်ပူဇော်ပေးခဲ့သည်။

ယင်းနောက် တက်ရောက်ကြသည့် တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ သက်တော်ရှည်မထောရ်ကြီး (၆)ပါးကိုယ်စား၊ ဝါတော် (၄၀)နှင့်အထက် ဆရာတော်ကြီး (၃၂)ပါးအား သင်္ကန်း၊ လှူဖွယ်ဝတ္ထုနှင့်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဓမ္မဒူတကျောင်းဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာတရားချီးမြှင့်ပေးကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

သားငယ်(ပြန်/ဆက်)