လူထုအခြေပြုဗဟိုဌာန (Community Centre Lashio) တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  Book Club  အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်

လားရှိုး စက်တင်ဘာ ၃

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်  ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာသာမက ပြင်ပစာပေ အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club  အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(လားရှိုး)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက အဖွင့်အမှာစကားပြောကြားပြီး၊ လားရှိုးခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က စာဖတ်ဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဝင် စာရေးဆရာမ ဒေါ်ခင်သန်းနွဲ့ (မမ-လားရှိုး)က စာဖတ်ဝိုင်းကျင်းပခြင်းမှ ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကိုရှင်းလင်း ပြောကြားကာ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့် အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်း” ဆောင်းပါးကိုဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အ.လ.က(၅)မှ ကျောင်းသား၊ ကျောင်းသူလေးများနှင့် Book Club အဖွဲ့ဝင်များက ဆောင်းပါးနှင့်ပတ်သက်၍ ၎င်းတို့၏အတွေးအမြင်များကို ပြန်လည်ဆွေးနွေးခြင်းနှင့်  ၎င်းတို့ သိရှိလိုသည်များ၊ ၎င်းတို့၏အတွေးအမြင်များကို အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။                                                                                   

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးအနေဖြင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (လားရှိုး)တွင် လူငယ်စကားဝိုင်းများ၊ ပြပွဲ/ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများ၊ သင်တန်းများ၊ Talk show များကို စဉ်ဆက်မပြတ်ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

ခရိုင် (ပြန်/ဆက်)