လားရှိုး စက်တင်ဘာ ၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၈)နာရီအချိန်က လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ် ဦးဆန်းဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စာဖတ်ဝိုင်းကို ကျင်းပရာ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်မှ ဆောင်းပါးများဖြစ်သည့် “မှားမှာကို မကြောက်ပါနဲ့” ဆောင်းပါးကို မောင်အာကာလမင်း၊ “လူငယ်နှင့်အမြင်၊ လူငယ်နှင့်အလှအပ” ဆောင်းပါးကို မမိုးမမအောင်၊ “ရှက်စိတ်၊ကြောက်စိတ်၊အောင်စိတ်” ဆောင်ပါးကို မောင်စိုးသန်းဝေနှင့် “မုန်လာဥ၊ ကြက်ဥနဲ့ ကော်ဖီနှင့်ဘဝအမြင်”ဆောင်းပါးကို မလွမ်းယင်းတို့က ဖတ်ကြားဆွေးနွေးခဲ့ကြရာ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက ၎င်းတို့၏အတွေးအမြင်များကို ပြန်လည် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်စကားဝိုင်းတွင် ဆွေးနွေး ခဲ့ကြသည့် ဆောင်းပါးများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးသုံးသပ်ခဲ့ပြီး လူငယ်စကားဝိုင်းတွင် ဆွေးနွေးပြောကြားခဲ့သည့် အကြောင်းအရာများနှင့်ပတ်သက်၍ အကောင်းဆုံး ပြန်လည်ဆွေးနွေးသုံးသပ်နိုင် မောင်အာကာလမင်း၊ မောင်ထိန်ဝင်း၊ မအေးနန်းသူ၊ မမြရတနာသန်း တို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ အထက်တန်း၊ အလယ်တန်း ကျောင်သား၊ ကျောင်းသူပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)