မရမ်းကုန်း စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ်ကျောင်းသား/ကျောင်းသူများသည် အသိပညာ၊အတတ်ပညာနှင့် ပြည့်စုံရန်လိုအပ်ပါကြောင်း၊ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား/သူများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦး ရဲဝင်းအောင်က မုဒိတာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မရမ်းကုန်းမြို့နယ်ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ငြိမ်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး လူငယ်စကားဝိုင်း စတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မရမ်းကုန်းမြို့နယ်ဦးစီးမှူး ဒေါ်အေးအေးအောင်၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် အ-ထ-က(၅)ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ယဉ်မူယာစိုးတို့က ဦးဆောင်ဆွေးနွေးကာ ကျောင်းသား/သူ(၆)ဦးတို့က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာအစရှိသည့် ခေါင်းစဥ်ပါအကြောင်းအရာများကို ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြပြီး လူငယ်စကားဝိုင်းတွင် ပါဝင်ကြသောကျောင်းသား/သူများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ကျောင်းသား/သူ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မိုးမိုး