ပျဉ်းမနားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာပေဟောပြောပွဲနှင့် စာအုပ်စာစောင်လှူဒါန်းပွဲအခမ်းအနား ကျင်းပ

ပျဉ်းမနား စက်တင်ဘာ ၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာပေဟောပြောပွဲနှင့် စာအုပ်စာစောင်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး ချစ်နိုင်(စိတ်ပညာ)က အလှူရှင် အမျိုးသားစာပေဆုရှင် စာရေးဆရာကြီးစိုးတင့်(ဧရာဝတီ)နှင့် မိတ်ဆက်ပေးပြီး လူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမည့် အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် အမျိုးသားစာပေဆုရှင် စာရေးဆရာကြီးစိုးတင့်(ဧရာဝတီ)က အမျိုးသားစာပေဆုရရှိခဲ့သည့် “ဖိုးထောင်ဇာတ်လမ်းစုံ” စာအုပ်ရေးသားဖြစ်ခဲ့ပုံနှင့် စာပေရေးရာများ ဟောပြောဆွေးနွေးခဲ့သည်။

ယင်းနောက် အလှူငွေပေးအပ်ပွဲနှင့် စာအုပ်စာစောင်လှူဒါန်းပွဲကို ဆက်လက်ကျင်းပရာ အမျိုးသားစာပေဆုရှင် စာရေးဆရာကြီးစိုးတင့်(ဧရာဝတီ)က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ၈ တိုက်အတွက် စာကြည့်တိုက်တစ်တိုက်လျှင် အလှူငွေ ကျပ်တစ်သိန်းနှင့် စာအုပ်စာစောင်များအားလည်းကောင်း၊ အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး ချစ်နိုင်(စိတ်ပညာ)က စာအုပ်စာစောင်များအားလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းရာ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ထို့နောက် စာရေးဆရာ မောင်ရေချမ်းရေးသားသည့် စာအုပ်များနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စာကြည့်တိုက်များဖောင်ဒေးရှင်းတို့မှ ပြည်သူ့စာကြည့်တိုက်များအတွက်လှူဒါန်းသည့် စာအုပ်စာစောင်များနှင့် ပျဉ်းမနားမြို့နယ် တောင်ပေါ်ကျေးရွာများအတွက် လှူဒါန်းသည့် စာအုပ်စာစောင်များအား တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ခရိုင်/မြို့နယ်ဦးစီးမှူးများက  လက်ခံရယူခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)