ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာ ဧက ၁၀၀ စံပြစိုက်ကွင်းအတွင်း ပန်းတိုင်အထွက်နှုန်းရရှိရေး သဘာဝမြေသြဇာကြဲပက်ပွဲသို့ တက်ရောက်အားပေးခြင်းနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုအား ကြည့်ရှုအားပေး

မြစ်ကြီးနား စက်တင်ဘာ ၃

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဖော်ထုတ်ထားသည့် ဧက ၁၀၀ စနစ်ကျစက်မှုလယ်ယာအတွင်း မိုးစပါးစိုက်ပျိုးဆောင်ရွက်ထားပြီး ဖြစ်ရာ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ မိုးစပါးစိုက်ကွင်းအတွင်း စူပါအီးအမ်ဘိုကာရှီ သဘာဝမြေသြဇာကြဲပက်ပွဲကို ကျင်းပပြုလုပ်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မဒိန်ကျေးရွာ ဧက ၁၀၀ စိုက်ကွင်းအတွင်း ဝိုင်းမော် မြို့နယ် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံတောင်သူ များနှင့်အတူ မိုးစပါးစံပြကွက်အတွင်း စူပါအီးအမ်ဘိုကာရှီ သဘာဝမြေသြဇာကြဲပက်မှုကို အားပေးကြည့်ရှုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဒေသခံတောင်သူများထံ စူပါ အီးအမ်ဘိုကာရှီ သဘာဝမြေသြဇာ ပြုလုပ်အသုံးပြုနိုင်ရေးအတွက် ပါဝင်ပစ္စည်းများကို ထောက်ပံ့ပေး အပ်ကြကာ ဧက ၁၀၀ စိုက်ကွင်းအတွင်း မိုးစပါးစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေများနှင့် တောင်သူများ၏ လိုအပ်ချက်များနှင့် မိုးစပါးအပြီး ဆောင်းရာသီ သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက် ၇ နာရီခွဲက မြို့ရွာများ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌လည်းကောင်း၊ လေ့ကျင့်ရေး အလယ်တန်းကျောင်းဝင်းအတွင်း၌လည်းကောင်း ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ သစ်ပင်ခြံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူခြင်း စသည့် စုပေါင်းသန့်ရှင်း‌ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် စီတာပူရပ်ကွက်၊ မနောကွင်းအတွင်း မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း၊ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး ပူးပေါင်း‌ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)