မြစ်ကြီးနား စက်တင်ဘာ ၂
ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ စားဝတ်နေရေးပြေလည်မှုကို ရှေးရှုလျက် ကုန်ဈေးနှုန်း တည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက် နိုင်ရန်နှင့် သက်သာဈေးများ စနစ်တကျဖွင့်လှစ်နိုင်ရေး အတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ဒေသတွင်းရှိ ဆက်စပ်အသင်းအဖွဲ့များက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်သူများ၊ နိုင်ငံ့ ဝန်ထမ်းများအတွက် ကုန်ဈေးနှုန်းတည်ငြိမ် ရေးနှင့် သက်သာချောင်ချိရေးအတွက် မဖြစ်မနေထိန်း ကျောင်းကြပ်မတ် သွားရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် အခြေခံစားသောက်ကုန် များကို ဒေသတွင်းစားသုံးမှုလိုအပ်ချက်နှင့် ထုတ်လုပ်နိုင်မှုအပေါ် အမှန်တကယ်အကျိုးရှိထိရောက်သည့် နည်းလမ်းများ ဖြင့် ထိန်းချုပ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးနှင့် ဒေသတွင်း ထုတ်လုပ်မှုတိုးချဲ့နိုင်ရေး အားပေးစည်းရုံး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဈေးနှုန်း တည်ငြိမ်မှုပျက်ပြားစေမည့်ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ပြည်နယ်အဆင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေခံစားသောက်ကုန်ဈေးနှုန်း အခြေ အနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက ဒေသတွင်း ကုန်ဈေးနှုန်းမြှင့်တက်မှု ဖြစ်ပေါ်နေသည့် အဓိက အကြောင်းအရာများ၊ ထိန်းချုပ်နိုင်ရေး စီမံဆောင်ရွက်သွားမည့် နည်းလမ်း များ၊ အခြေခံ စားသောက်ကုန်များ အဝင်/အထွက် မှန်ကန်မှုရှိစေရေး၊ လုံလောက်စေရေးနှင့် ဒေသတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့နိုင်ရေး ဆောင်ရွက်သွားရမည့် ကိစ္စရပ် များနှင့် စပ်လျဉ်း၍ အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကုန်ဈေးနှုန်းတည်ငြိမ်ရေး သယ်ယူပို့ဆောင်မှု ဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်း ထုတ်လုပ်မှု ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် ကြပ်မတ်ထိန်းချုပ် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအပေါ် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ကချင်ပြည်နယ်အတွင်း သက်သာဈေးများ စနစ်တကျ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ ကုန်ဈေးနှုန်းကြီးမြှင့်မှု ဝန်ထုတ်ဝန်ပိုး သက်သာစေရေး၊ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး အတွက် အခြေခံစားသောက်ကုန်များကို ပြည်နယ်အတွင်း သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး၊ ဒေသတွင်း ထုတ်လုပ်သည့် စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်ပစ္စည်းများ ရောင်းချနိုင်ရေး စနစ်တကျ ထိရောက်စွာ စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြည်နယ်အစိုးရအဖွဲ့မှ ကြီးကြပ်စီမံမှုဖြင့် အခြေခံ စားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်သွားနိုင်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆက်စပ်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ရပ်ကွက်ဈေးများ အလိုက် စည်ပင်သာယာရေးအဖွဲ့မှ သား/ငါးများ လှည့်လည်ရောင်းချပေးသွားမည့် အစီအစဉ်များ၊ သက်သာဈေးများအတွက် ရောင်းချသွားမည့် အမယ်ပစ္စည်းများ၊ ဈေးနှုန်းများ၊ တည်နေရာများ သတ်မှတ်ခြင်း၊ ပြည်နယ်အတွင်းရှိ အသင်းအဖွဲ့များနှင့် ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက် သွားမည့် အစီအစဉ် များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သက်သာဈေးများကို တစ်ပတ်လျှင် နှစ်ရက် ရောင်းချနိုင်ရေး၊ ခရိုင်/မြို့နယ်များအလိုက် သက်သာ ဈေးများ စနစ်တကျ ဖွင့်လှစ်၍ လိုအပ်သလို စီမံရောင်းချ သွားနိုင်ရေး ဌာနဆိုင်ရာများနှင့်အသင်းအဖွဲ့များအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်