လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အ.ထ.က (၃) တွင် နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၁၇) ရပ်ကွက်၊ အ.ထ.က (၃) တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၉) နာရီ က အ.ထ.က (၃) နတ်သျှင်နောင်ခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ  လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား  ရှင်းလင်းပြောကြားသည်။

အဆိုပါဟောပြောပွဲတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဌေး အောင်ဇော်က အနာဂတ်လူငယ်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊  စာရေးဆရာ အယ်ဒီတာ ဦးသူရဇော်က မူးယစ်အန္တရာယ်တို့ကာကွယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဦးမင်းချစ်ဦးဇော်က မောင်လေးရေထပါတော့ရောင်နီလာလှပေါ့ခေါင်းစဉ်ဖြင့်  အသီးသီး အသိပညာပေး ဟောပြောသည်။

ဟောပြောပွဲသို့ ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် စာရေးဆရာများ၊ အ.ထ.က(၃)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၃၅၀) ဦး ခန့်တက်ရောက်ကြပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှပြသထားသော အသိပညာပေးနံရံကပ် စာစောင်များကို ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလျက်ရှိ ကြောင်း သိရသည်။

မြင့်ဇော်