ကျောက်တန်းမြို့နယ် ခနောင်(အရှေ့) ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းချေးငွေများ ထုတ်ချေးပေး

ကျောက်တန်း စက်တင်ဘာ ၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ခနောင်ကျေးရွာအုပ်စု ခနောင်အရှေ့ ကျေးရွာ၊ ကျေးရွာမတည်ရန်ပုံငွေ စီးမံကိန်းချေးငွေဖြင့် လက်ရှိစီးပွားရေး လုပ်ကိုင်သူများ၊ တိုးချဲ့ လုပ်ကိုင်နေသူများနှင့် အခြေခံလူတန်းစားများ အပါအဝင် အကျိုးခံစားခွင့်ရှိသူများအားလုံး စုစုပေါင်း ချေးငွေအောင်သူ(၁၄၀)ဦးသို့ ချေးငွေကျပ် (၃၅၅၀၀၀၀၀)ကို လုပ်ငန်း အမျိုးအစား အလိုက် (၁.၉.၂၀၂၃) ရက်နေ့တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းအကောင်အထည်ဖော်ရေး လက်စွဲစာစောင်ပါ ညွှန်ကြားချက်များနှင့် အညီ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် ဝန်ထမ်းများက ကြီးကြပ်၍ သွားရောက်ထုတ်ချေးပေးခဲ့သည်။

ကျောက်တန်းမြို့နယ်၊ ကျေးလတ်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်းအား နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်သိန်း(၃၀၀)ဖြင့်၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေး နှစ်မှ စတင်၍ ခနောင်ကျေးရွာအုပ်စု၊ ခနောင်အရှေ့ကျေးရွာ တွင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် စက်တင်ဘာလအထိ ထုတ်ချေးငွေကျပ်သိန်း ပေါင်း (၃၅.၅၀ သန်း)၊ အတိုးရငွေ (၇.၅၃) သန်းဖြင့် လည်ပတ်လျက်ရှိပြီး အဆိုပါချေးငွေများဖြင့် ကျေးရွာနေပြည်သူများ ငွေကြေးအရင်းအနှီးရရှိကာ မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်း များကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မတည်ရန်ပုံငွေမှ တိုးပွာလာသော အတိုးငွေများဖြင့် ကျေးရွာပိုင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင် ခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် သည်။

ကျောက်တန်း(ပြန်/ဆက်)