ပုဏ္ဏားကျွန်းမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

ပုဏ္ဏားကျွန်း စက်တင်ဘာ ၂

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် (၂၀၂-၂၀၂) ဘဏ္ဍာရေးနှစ်အတွင်း ပထမ သုံးလပတ်အတွက် အသက် (၈၅) နှစ်နှင့်အထက်ရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့၊ နေ့လယ် ၁ နာရီက ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက် စာကြည့်တိုက် ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ထောက်ပံငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူတို့က ၂၀၂၃ ခုနှစ်၊ (ဧပြီ မေ ဇွန်လ) များအတွက် လူမှုရေးပင်စင်ခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်နှင့်အထက်ရှိ သက်ကြီးဘိုးဘွား (၅၈) ဦးတို့ကို တစ်ဦးလျှင် (၃၀၀၀ဝိ/-) နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စု (၉၆) အုပ်စုမှ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၈၂၀) ဦးအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်တွင် (၅၈) ဦး၊ မြို့သစ်ရပ်ကွက်တွင် (၁၈) ဦး၊ ရွာဟောင်းရပ်ကွက်တွင် (၂၅) ဦး၊ အလယ်စုရပ်ကွက်တွင် (၆) ဦး၊ စုစုပေါင်းဘိုးဘွား (၁၀၇) ဦးတို့ကို ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)