တာမွေ စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း စင်တင်တေးဂီတ(စင်တင်/ Bar/ Night Club/ Unplugged) ဖျော်ဖြေမှုလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်များအနေဖြင့် ခွင့်ပြုချက် လုပ်ငန်းလိုင်စင် လျှောက်ထားရမည်ဖြစ်ကြောင်း ယမန်နေ့ညနေ(၄)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်အတွင်း စင်တင်တေးဂီတ ဖျော်ဖြေမှုလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားမှ သိရသည်။
တွေ့ဆုံပွဲတွင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်က “ တာမွေမြို့နယ် အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် စီးပွားရေးလုပ်ငန်းအလို့ငှာ ဖွင့်လှစ် လုပ်ကိုင် လျက်ရှိသော စားသောက် ဆိုင်များအနေဖြင့် တေးဂီတဖျော်ဖြေမှုများနှင့် တွဲဖက်ဖွင့်လှစ် လျက်ရှိရာ အချို့မှာ ဒေသန္တရထုတ်ပြန်ထားသော လုပ်ငန်းလိုင်စင်များဖြင့် ဆောင်ရွက်လျက်ရှိ သော်လည်း အချို့စားသောက်ဆိုင်များမှာ ခွင့်ပြုချက် လုပ်ငန်းလိုင်စင်မရှိကြောင်း စိစစ်တွေ့ရှိ ရသဖြင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းဆောင်ရွက်ကြရန် အထူးမှာကြား လိုပါကြောင်း၊ မြို့နယ်အတွင်း စားသောက်ဆိုင်နှင့်တွဲ၍ ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များ အားလုံးသည် ၂၀၂၃-ခုနှစ် ဩဂုတ်လ(၂၁)ရက်နေ့မှစ၍ (၄၅)ရက် အတွင်း သက်ဆိုင်ရာသို့ စင်တင်တေးဂီတဖျော်ဖြေမှုလုပ်ငန်းအတွက် ခွင့်ပြုချက် မှတ်ပုံတင် လုပ်ငန်းလိုင်စင် လျှောက်ထားကြရမည်ဖြစ်ပါကြောင်း၊ မှတ်ပုံတင်လုပ်ငန်းလိုင် စင်မရှိဘဲ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိရပါက ဆိုင်ပိတ်သိမ်း သည်အထိ အရေးယူ ဆောင်ရွက်မည်ဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ(၁၈၈)အရလည်း အရေးယူခံရမည်ဖြစ် ပါကြောင်း” စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မြို့နယ် အတွင်းရှိ စင်တင်တေးဂီတ လုပ်ငန်းရှင်များက စင်တင်တေးဂီတ(စင်တင်/ Bar/ Night Club/ Unplugged) ဖျော်ဖြေမှုလုပ်ငန်းများအတွက် ခွင့်ပြုချက်လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီး ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး စင်တင်တေးဂီတဖျော်ဖြေမှု လုပ်ငန်းကြီးကြပ်မှုကော်မတီကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကော်မတီဝင်(၁၀)ဦးဖြင့် အတည်ပြုဖွဲ့စည်းခဲ့ပြီး တာမွေမြို့နယ်အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ စင်တင်တေးဂီတ(စင်တင်/ Bar/ Night Club/ Unplugged) ဖျော်ဖြေမှုလုပ်ငန်းများကို အမိန့် ညွှန်ကြားချက်များနှင့်အညီ စိစစ်ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး တာမွေမြို့နယ်တွင် စင်တင်တေးဂီတ(စင်တင်/Bar/Night Club/ Unplugged) ဖျော်ဖြေမှုလုပ်ငန်း(၈)ခုရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)