ပင်လုံ စက်တင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် လွိုင်လင်ခရိုင်၊ ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲမှ Trichogrammar ဥကပ်ပါးနဂျီလွှတ်ပွဲ၊ ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် (၈) ခွဲ အချိန်တွင် ပင်လုံအရှေ့အုပ်စု တောင်သူဦးစိုင်းလုံ၏ တိုက်ရိုက်မျိုးစေ့ချစိုက်ခင်း ကွင်းအမှတ် (၃၇) ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်နှင်းသူမှ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်နှင့် ပင်လုံမြို့ရှိ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်နှင့် ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နှင်းရေး စံပြကွက်များတွင် မိုးစပါး၌ ကျရောက်တတ်သော လိပ်ပြာဖလံဖျက်ပိုးများအား ဇီဝနည်းဖြင့် ကာကွယ်နှိမ်နှင်းရေး၊ ပိုးသတ်ဆေးအသုံးပြုမှုလျော့ချရေး၊ တောင်သူများ ကျန်းမာရေးမထိခိုက်စေရေးနှင့် ပိုးသတ်ဆေးတတ်ကြွင်းအာနိသင်လျော့ချရေးအတွက် ရည်ရွယ်၍ ဥကပ်ပါးနဂျီ (Trichogrammar) များအား လွှတ်ပေးခြင်း . လက်တွေ့သရုပ်ပြသခြင်းနှင့် စပါးနှင့်စားသုံးသီးနှံများတွင် ကျရောက်သော လိပ်ပြာမျိုးရင်းဝင်ဖျက်ပိုးများကို ဇီဝနည်းဖြင့် ကာကွယ်နှိမ်နှင်းရန် ထရိုင်ဂိုဂရားမားဥကပ်ပါးနဂျီအသုံးပြုခြင်း လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ သရုပ်ပြပွဲကျင်းပရာသို့ လွိုင်လင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်နှင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်/မြို့ဦးစီးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွိုင်လင်မြို့နယ်နှင့် ပင်လုံမြို့အတွင်းရှိ မိုးစပါးစိုက်ပျိုးတောင်သူ (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)