ပူတာအို စက်တင်ဘာ ၂
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် စည်းကမ်းပြည့်ဝ၍ အရည်အချင်းပြည့်မီသော ဒိုင်လူကြီး ကောင်းများ ပေါ်ထွက်လာပြီး မြို့နယ်အတွင်း ကျင်းပသော ဘောလုံးပွဲများတွင် စည်းကမ်းသေသပ်စွာ ကျင်းပနိုင်ရန်နှင့် မြို့နယ်အတွင်း ပြိုင်ပွဲများမှ အဆင့်အတန်းမြင့်သော ပြိုင်ပွဲများအထိ သွားရောက် တာဝန်ထမ်းဆောင်နိုင်သော ဒိုင်လူကြီးကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် Putao Old Star အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ဘောလုံးဒိုင် လူကြီးမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁) နာရီက ပူတာအိုမြို့ ခရိုင်ပြည်သူ့ အားကစားကွင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်က ပူတာအိုဒေသတွင် အမျိုးသားများသာမက အမျိုးသမီးများပါ ဘောလုံးအားကစားကို ဝါသနာကြီးကြပြီး ဒေသရှိ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များလည်း အားပေး အားမြောက်သလို ဘောလုံးအားကစားနည်းကို နှစ်သက်ခုံမင်သည့် မြင်ကွင်းများအမြဲမြင်တွေ့ရ ကြောင်း၊ပူတာအိုဒေသတွင် အားကစားကိုစိတ်ဝင်စားမှုများလာသည်နှင့်အမျှ မူးယစ်ဆေးဝါးသုံးစွဲမှုအပြင် အခြားပျက်စီးရာပျက်စီးကြောင်းများကို ရှောင်ရှားနိုင်မည်ဖြစ် သည့်အတွက် အားကစားကဏ္ဍကို ပိုမိုမြှင့်တင်ဝိုင်းဝန်းဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့် တာဝန်ရှိ သူများ အနေဖြင့်လည်း ပူတာအိုဒေသအတွက် ဘောလုံကွင်းအဆင့်မြှင့်တင်ခြင်း၊ မိုးလုံလေလုံအား ကစားရုံ တည်ဆောက်ပေးခြင်း၊ မီတာ ၄၀၀ အဆင့်မြင့် ပြေးလမ်းတည်ဆောက်ပေးခြင်း၊ ပြည်နယ် အား ကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်စေခြင်းများ ဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရကြောင်း၊ ပူတာအိုဒေသတွင် ဘောလုံးပြိုင်ပွဲများ များလာသည်နှင့် အမျှ ဘောလုံးဒိုင်လူကြီးများလည်း လုံလောက်စွာရှိ ရန်လိုအပ် ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိသော အတွေ့အကြုံ များကို လက်တွေ့နယ်ပယ်တွင် အသုံးချပြီး ဆုံးဖြတ်ချက်များ မှန်ကန်ရန်အတွက် ဆက်လက် လေ့လာဆည်းပူးစေလိုကြောင်း သင်တန်းဆင်းအမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးမယစ်ယောရှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ၊ လက်တွေ့အမှတ် အများဆုံးဆုနှင့် ရေးဖြေအမှတ်အများဆုံးဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်း သားများကိုယ်စား သင်တန်းသား ဦးရင်ထန်ခင်ဗေးနှင့် ပူတာအိုမြို့နယ် ဘောလုံးဒိုင်အဖွဲ့ဥက္ကဋ္ဌ ဦးဘရန်နန်တို့က ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ကူးခဲ့ကြ ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား စုစုပေါင်း (၂၃)ဦးတို့အား သင်တန်းနည်းပြ ဦးစိုင်းဘုန်းခန့်ကျော်က ဩဂုတ်(၂၁)ရက်မှ(၃၁)ရက်နေ့အထိ သင်တန်းကာလ(၁၁)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)