ကျိုင်းတုံ အောက်တိုဘာ ၁၆
ကျိုင်းတုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများအား (ODK) Application အသုံးပြု၍ စာရင်းသွင်းနည်း (၅)ကြိမ်မြောက် သင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီ က ကျင်းပသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဟန်ထွန်း က အမှာစကားပြောကြားပြီး ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့် က ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာ သော (၂)နှစ်အောက်ကလေးငယ်များအတွက် ထောက်ပံ့ကြေးပေးခြင်း ဆောင်ရွက်သွားနိုင်မည့် အစီအစဉ်များ ကို Mobile Phone System ဖြင့် (ODK) Application အသုံးပြု၍ စာရင်းကောက်ယူသည့် နည်းပညာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းကို ကျိုင်းတုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်း (၃၈)ဦး တက်ရောက်ပြီး အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ သင်တန်းချိန် (၅)ကြိမ်ခွဲကာ ကိုဗစ်-၁၉ ကာလတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)