လှိုင်သာယာ(အရှေ့ပိုင်း)၊ စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် ညောင်ကျေးရွာအုပ်စု၊ ဒိုင်စုကျေးရွာ ဈေးသစ်လမ်းနှင့် အေးရိပ်ငြိမ်လမ်းရှိ ရပ်ကွက်နေပြည်သူများကို ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်း ရွှေဂုံအရောင်းဆိုင်မှ အခြေခံစားသောက်ကုန်များအား ယမန်နေ့နံနက် (၁၀) နာရီ၌ ရပ်ကွက်၊ ကျေးရွာများသို့ လှည့်လည်လာရောက် ရောင်းချပေးလျက်ရှိသည်။
အခြေခံ စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများ၀ယ်ယူ စားသုံးနိုင်ရေးအတွက် ရောင်းချပေးရာတွင် ကြက်ဥတစ်လုံးလျှင် (၂၃၀) ကျပ်ဖြင့် အလုံး(၃၀၀၀)၊ ကြက်သား တစ်ပိဿာလျှင် (၈၀၀၀) ကျပ်နှုန်းဖြင့် (၁၀၀) ပိဿာ၊ ၀က်သား တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်နှုန်းဖြင့် ပိဿာ (၃၀၀) ရောင်းချပေးလျက်ရှိသည်။
အဆိုပါဈေးရောင်းချရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး အထောက်အကူပြု အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ တို့ပူးပေါင်း၍ သက်သာသော စျေးနှုန်းဖြင့် ရပ်ကွက်၊ ကျေးရွာ (၁၄) ခုတို့တွင် အခြေခံစားသောက်ကုန်များအား အလှည့်ကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)