ကလော စက်တင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် သီခေါင်ကျေးရွာအုပ်စု လက်ပံပင်ကျေးရွာတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ် သည့် အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းပါ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု ဝင်ငွေတိုးရေး ဆောင်ရွက် မည့် ထောပတ်သီးအခြေခံတန်ဖိုးမြှင့်ထုတ်ကုန် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က လက်ပံပင်ကျေးရွာ SMU ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ စီမံကိန်းအဖွဲ့ဝင်များ၊ ဒေသခံရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေတိုးရေး၊ သီခေါင်ကျေးရွာ အုပ်စုအတွင်း ဒေသခံများအနေနှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းများ ပေါ်ထွက်လာနိုင်ရေး၊ ဒေသခံများ ဝင်ငွေတိုးတက် လာအောင် ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ဒေသတွင်းပေါများစွာ ထွက်ရှိသည့် ထောပတ်သီး အခြေခံတန်ဖိုးမြှင့်ထုတ်ကုန် သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းကို စာတွေ့၊ လက်တွေ့ဖြင့် အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသားများကလဲ လုပ်ငန်းထူထောင် နိုင်ရန်အတွက် စိတ်ပါဝင်စားစွာနှင့် တတ်မြောက်သည်အထိ သင်ယူကြဖို့လိုပါကြောင်း၊ သင်တန်းဆင်းများထဲက လုပ်ငန်းထူထောင်လုပ်ကိုင်လိုသူ ၅ ဦးကို စိစစ်ရွေးချယ်ပြီး လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမှာ ဖြစ်ပါ ကြောင်း၊ ထောက်ပံ့ပေးအပ်လိုက်တဲ့ လုပ်ငန်းသုံးပစ္စည်းများ၊ သင်ကြားပေးလိုက်တဲ့ အတတ်ပညာများကို အခြေတည်ပြီး မိမိတို့ကိုယ်တိုင်ကိုယ်ကျ ဦးစီးဦးဆောင်ဖွင့်လှစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေလို ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက်ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက သင်တန်းသား/သူ များအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး သင်တန်း တွင် လက်ပံပင်ကျေးရွာအတွင်းရှိ ကျေးရွာနေ ဒေသခံ သင်တန်းသား ၁၅ ဦးကို ပထမအကြိမ် သင်တန်းကာလ ၇ ရက်နှင့် ဒုတိယအကြိမ် မွန်းမံသင်တန်း ၅ ရက်ကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)