ဇမ္ဗူသီရိမြိုနယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တစ်ခင် စစ်ဆေးခြင်းများ စတင်ဆောင်ရွက်

ဇမ္ဗူသီရိ စက်တင်ဘာ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက  ဇမ္ဗူသီရိမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပါ တားမြစ် ချက်များနှင့် Quick win အစီအမံ (၅)ရပ်ကို လိုက်နာမှုရှိစေရေးတို့အတွက် မြို့နယ်စစ်ဆေး အရေးယူ ဆောင်ရွက်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဇမ္ဗူသီရိမြို့နယ်ထွေ/အုပ်မှ ဒု-မြို့နယ် အုပ်ချုပ် ရေးမှူး ဦးဝဏ္ဏပါ(၆)ဉီး၊ အမှတ်(၃) နယ်မြေရဲစခန်းမှ ဒုရဲအုပ် ဝေယံလင်း(၁+၃)၊ ထပရ (၉၃၅)မှ တကက မြလှိုင် ပါ(၄)ဦး၊ မြို့နယ်ပညာရေးမှ ဦးစီး ဦးတင့်ထူးအောင်၊ မြို့နယ်လမ်းဦးစီးဌာနမှ SAE ဒေါ်ပန်းအိမွန်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်ဇော်၊ ဘောဂသိဒ္ဓိရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ခိုင်စုကြည် ပါ(၃)ဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇမ္ဗူကျက်သရေလမ်း၊ ခုတင်(၁၀၀၀)ဆေးရုံအနီးတွင် အောက်ပါ အတိုင်း စစ်ဆေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့နောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိစေရေး၊ လိုင်စင်မဲ့ မော်တော်ယာဉ်များ စစ်ဆေးခြင်း၊ တုတ်/ဓား လက်နက်များ စစ်ဆေးခဲ့ခြင်း၊ ယာဉ်မောင်း လိုင်စင်မပါ(၄)မှု၊ ဆိုင်ကယ်နံပါတ်မပါ(၁)မှု၊ ယာဉ်လိုင်စင်မပါ(၁)မှု၊ ယာဉ်မောင်းလိုင်စင် သက်တမ်းလွန်(၁)မှု စုစုပေါင်း (၇)မှုတို့အား  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်တွင် ပါဝင်သည့် မော်တော် ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်ခြင်း ရှိ/မရှိ၊ မော်တော်ယာဉ် မောင်းနေစဉ်လက်ကိုင် ဖုန်းအသုံးပြုခြင်း၊ အရက်သေစာသောက်စား၍ မော်တော်ယာဉ်ကိုမောင်းနှင်ခြင်း၊ မော်တော် ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်ခြင်းနှင့် မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပိုမောင်းနှင်ခြင်း ရှိ/ မရှိ တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး သတ်မှတ်ချက်နှင့် စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ် အသုံးပြုသူများအား  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်နှင့် ကိုက်ညီသည့် ပြစ်ဒဏ်များဖြင့်လည်း အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အောင်သူရဦး (ပြန်/ဆက်)