မော်လမြိုင်မြို့တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအား ငွေထုတ်ပေးချိန်၌ အခွန်နုတ်ယူပေးသွင်းစေသည့် အစီအစဉ်အား အသိပေးရှင်းလင်းပွဲကျင်းပ

မော်လမြိုင် စက်တင်ဘာ ၂

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၆၃/၂ဝ၂၃ နှင့်စပ်လျဉ်း၍ ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ်အခွန် ဦးစီးဌာနမှူးရုံး၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မွန်ပြည်နယ် အခွန်ဦးစီးဌာနမှူး (ညွှန်ကြားရေးမှူး) ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားကာ အမိန့်ကြော်ငြာစာအမှတ် ၆၃/၂၀၂၃ နှင့်ပတ်သက်၍ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေ ပုဒ်မ ၇ ပါ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အတွက်ရရှိသော  ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများ၏ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေအပေါ် ငွေထုတ်ပေးချိန်၌ အခွန်နုတ်ယူပေးသွင်းစေခြင်းစသည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော လုပ်ငန်းရှင်အခွန်ထမ်းများမှ မရှင်းလင်းသည့် အချက်များအားမေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပုဂ္ဂလိက ဆေးရုံ/ဆေးခန်း လုပ်ငန်းရှင် (၇၄) ဦး၊ မွန်ပြည်နယ် (၁၀) မြို့နယ်မှ မြို့နယ်အခွန်ဦးစီးဌာနမှူးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်