မော်လမြိုင် စက်တင်ဘာ ၁
မွန်ပြည်နယ်တွင် မျိုးဆက်သစ်အားကစားသမားကောင်းများပေါ်ထွန်းလာစေရေးနှင့် အားကစားနှင့်လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းနေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်လျက် ကဏ္ဍပေါင်းစုံတွန်းအားပေးပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိရာ အားကစားကဏ္ဍ တိုးတက်မြင့်မားရေးအတွက် အထူးအလေးပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်၊ လူရွယ်များ ကျန်းမာသန်စွမ်းပြီး ကိုယ်ကာယကြံ့ခိုင်စေရန် အားကစားလှုပ်ရှားမှုများမှာ ပါဝင်ကြဖို့လိုအပ်သလို စာရိတ္တဘက်စုံဖွံ့ဖြိုးအောင်၊ ပိုမိုကြံ့ခိုင်အောင် လေ့ကျင့်ပေးကြဖို့လည်းလိုအပ်ကြောင်း၊ ဘော်လီဘောအားကစားနည်းဟာ ကျေးရွာများပါမကျန် ကစားတဲ့ အားကစားနည်းဖြစ်သလို မီးခဲပြာဖုန်း ရွက်ပုန်းသီး မျိုးဆက်သစ် ဘောလီဘောအားကစားသမားတွေကိုဖော်ထုတ်ပြီး ထူးချွန်တဲ့အားကစားသမားများဖြစ်လာအောင် ပြုစုပျိုးထောင် မွေးထုတ်ပေးသွားရမှာ ဖြစ်ကြောင်း၊ မွန်ပြည်နယ် ဘော်လီဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် " ကျေးရွာအဆုံး တစ်ပြည်လုံး ဆင်းရဲချမ်းသာ ကစားပါဆိုတဲ့ ဘော်လီဘောအားကစားနည်းရဲ့ ဆောင်ပုဒ်နှင့်အညီ ဘော်လီဘောအားကစားကို စိတ်ပါဝင်စားလိုက်စားလာအောင် သက်ဆိုင်ရာတာဝန်ရှိသူပုဂ္ဂိုလ်များအားလုံး အထူးအာရုံစိုက်ပြီး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် ဘောလီဘော အားကစားရဲ့ အနှစ်သာရကို ပေါ်လွင်အောင် ယှဉ်ပြိုင်ကစားကြရန်နှင့် နိုင်ငံတော်မှ အားထားရတဲ့ အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ထို့နောက် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် တာဝန်ရှိသူများမှ ဘော်လီဘောပိုက်နှင့် ဘော်လီဘော ဘောလုံးများ ထောက်ပံ့ပေးအပ်မှုအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးမြတ်သွင်မှ လက်ခံရယူခဲ့ကာ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာ အဓိဌာန်ရွက်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ အဖွင့်ပွဲစဉ်အနေဖြင့် ပေါင်မြို့နယ် ဘောလီဘောအသင်းနှင့် ချောင်းဆုံမြို့နယ် ဘောလီဘောအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲကို စက်တင်ဘာ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)