ကွတ်ခိုင်မြို့၌ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကွတ်ခိုင် အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ မြို့နယ်အတွင်း၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများမှ ယမန်နေ့ မွန်းလဲပိုင်း က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်သည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဂျေလဆမ်း က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အဖွဲ့ခွဲဝင် များအား မျှဝေအသိပေးခြင်း၊ လွတ်လပ်ပြီးတရားမျှသော ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မှန်မှန် ကန်ကန်နှင့် ဘက်မလိုက်ဘဲ  ပြဋ္ဌာန်းထားသည့်   ဥပဒေ၊ နည်းဥပဒေများနှင့်အညီ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်တောင်ဂျာခေါန် က ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဉ်အခြေအနေများ၊ နောက်ဆုံးစိစစ်ရန် ဆောင်ရွက်နေသည့် မဲစာရင်းများတွင် မှတ်ပုံတင်နံပါတ်မရရှိသေးသည့် မဲဆန္ဒရှင်များ မှတ်ပုံတင်အမြန်ဆုံးရရှိရေး ကိစ္စရပ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းမှုအတွက် ဖွဲ့စည်းတာဝန်ပေးအပ်မှုများ၊ မဲရုံမှူးသင်တန်း ဖွင့်လှစ်သည့် အချိန်နှင့် ဆန္ဒမဲပေးသည့်အချိန်များတွင် ကျန်းမာရေးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအတွက် ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများကို   တင်ပြဆွေးနွေးသည်။

ကွတ်ခိုင်မြို့နယ်၌ ကျင်းပမည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နောက်ဆုံး အကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းအရ အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ (၁၂၉၇၀၇) ဦးရှိကာ လျာထားမဲရုံ (၁၃၄)ရုံရှိကြောင်း သိရသည်။     

ကိုမိုင်း(ပြန်/ဆက်)