ဥတ္တရသီရိ စက်တင်ဘာ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ဥတ္တရသီရိရပ်ကွက်၊ ရာဇသင်္ဂဟလမ်းမကြီးတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးမင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဌေးဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ဥတ္တရသီရိမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်တွင် ပါဝင်သည့် မော်တော်ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်ခြင်း ရှိ၊ မရှိ၊ မော်တော်ယာဉ် မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးပြုခြင်း၊ အရက်သေစာသောက်စား၍ မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊ မော်တော်ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်ခြင်းနှင့် မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပိုမောင်းနှင်ခြင်း ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး သတ်မှတ်ချက်နှင့် စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ် အသုံးပြုသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်နှင့် ကိုက်ညီသည့် ပြစ်ဒဏ်များဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)