မြောက်ဦး စက်တင်ဘာ ၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နေ့လယ် ၁ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးဟောင်း) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲမှူး အောင်ဝင်းက လူကုန်ကူးမှုဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ အမျိုးသမီးများအပေါ် လူကုန်ကူးမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် ကြုံတွေ့ရင်ဆိုင်နေရသော လူကုန်ကူးမှုပြသနာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုတို့၏ ကွဲပြားမှုနှင့်အင်္ဂါရပ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေနှင့်ပြစ်ဒဏ်များ၊ လူကုန်ကူးသူများ အသုံးပြုသောနည်းလမ်းများအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီးနောက် ဆက်လက်၍ မြို့နယ်ရဲမှူးမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောရာတွင် မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်များ မောင်းနှင်ရာတွင် လိုက်နာဆောင်ရွက်ရန်အချက်များ၊ စည်းကမ်းဖောက်ဖျက် မောင်းနှင်မှုများကြောင့် သေဆုံးဒဏ်ရာရရှိမှုအခြေအနေများ၊ ယာဉ်မောင်းလိုင်စင် အမျိုးအစား(၁၂)မျိုးနှင့် ပတ်သက်၍ သိရှိရမည့်အချက်များ၊ ယာဉ်တိုက်မှုဖြစ်ပွားရာတွင် အရေးယူဆောင်ရွက်သည့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အသိပညာဟောပြောပွဲသို့ မြို့နယ်ရဲမှူးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကျေး/စာရေးများ၊ မော်တော်ယာဉ်မောင်းနှင်သူများ၊ ဒေသခံပြည်သူများစုစုပေါင်း (၆၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)