တန့်ယန်းမြို့နယ်တွင် ကိုယ့်အားကိုယ်ကိုး ကတ္တရာလမ်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု

တန့်ယန်း စက်တင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ကောင်းမွန်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်နေလျက်ရှိရာ အမှတ်(၅)ရပ်ကွက်နယ်မြေရှိ ရွှေမောင်း “အောင်ကမ္ဘာ” ဘိုးဘွာရိပ်သာလမ်းအား ကိုယ့်အားကိုယ်ကိုး ကတ္တရာလမ်းဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

အဆိုပါ ရွှေမောင်း “အောင်ကမ္ဘာ” ဘိုးဘွာရိပ်သာလမ်းအား ကိုယ့်အားကိုယ်ကိုး ကတ္တရာလမ်းခင်းရန် ကြည့်ရှုမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ မိုင်းဟင်္သာထွန်းနှင့် အင်ဂျင်နီယာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခွန်းထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။

ကတ္တရာခင်းခြင်းလုပ်ငန်းအား ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ကတ္တရာ ၇ ဒဿမ ၉၆ တန် ထောက်ပံ့ပေးအပ်မှုဖြင့် အရှည်ပေ (၁၅၀၀)၊ အကျယ် (၁၂)ပေ၊ ထု (၉)လက်မအား ပြည်သူလူထု လှူဒါန်းမှုဖြင့် ကိုယ့်အားကိုယ်ကိုး ကတ္တရာလမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)