တောင်သာ စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ အလုပ် အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားပြီး ဆင်းရဲမှုလျော့ကျလာစေရန်ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သော မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ရန်ပုံငွေ ပထမအကြိမ်ထုတ်ချေခြင်းအခမ်းအနားကို ထန်းတောကျေးရွာ၊ အခြေခံ ပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရက အဖွင့်အမှာစကားအနေဖြင့် စီမံကိန်းကျေးရွာ ရွေးချယ်ပေးရခြင်း၏ အကြောင်းအရင်း၊ မူဝါဒများအကြောင်း ရှင်းလင်းပြီး မြို့နယ်အတွင်းနယ်မြေလုံခြုံရေးဆောင်ရွက်ပေးထားမှု အခြေအနေများကို လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးငြိမ်းချမ်းဦးက မိတ်ဆက် အမှာစကား ဖြည့်စွက်ပြောကြားကာ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက စီမံကိန်းနောက်ခံအကြောင်းအရာ၊ ရည်ရွယ်ချက်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဥပဒေပါ အကြောင်းအရာများ ရှင်းလင်းဆွေးနွေးခဲ့ပြီး ချေးငွေဖြင့် မိသားစုဝင်ငွေတိုး လုပ်ငန်းများ ထိထိရောက်ရောက်လုပ်ကိုင်နိုင်ရန် မှာကြားခဲ့ကြကြောင်းသိရသည်။
ယင်းနောက် ထန်းတောကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ပထမအကြိမ်အဖြစ် ထုတ်ချေးရာတွင် ကျေးရွာလုပ်ငန်းအဖွဲ့မှအသင်းသားများထံစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ ၅၁ ဦးကို ချေးငွေ ၂၀၂ သိန်း၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ ၁၆ ဦးကို ချေးငွေ ၅၀ သိန်း၊ အရောင်းအဝယ်လုပ်ငန်းဆောင်ရွက်ရန် အသင်းသား ၁၅ ဦးကို ၄၈ သိန်း၊ စုစုပေါင်း အသင်းသား ၈၂ ဦးကို ချေးငွေ ကျပ်သိန်း ၃၀၀ ထုတ်ချေးပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောပြသည်။
ကျော်မျိုးနိုင်(တောင်သာ)