ကျောက်ပန်းတောင်းမြို့ စံပြရပ်ကွက်တွင် (Biometric Data) ဇီဝဆိုင်ရာအချက်အလက်များကောက်ယူ

ကျောက်ပန်းတောင်း စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ (Biometric Data) ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို၊ ယနေ့ နံနက်(၉)နာရီက စံပြရပ်ကွက်ဓမ္မာရုံတွင် (၇)ရက်မြောက်နေ့အဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ (Biometric Data) ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာ အထက်တန်းကျောင်းများတွင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ၊ ဩဂုတ်လ(၂၄)ရက်နေ့မှ စတင်၍ စံပြရပ်ကွက်ရှိ မဟာဗောဓိဓမ္မာရုံတွင် ဆောင်ရွက်ပေးလျှက်ရှိရာ၊ (၇)ရက်တာ ကာလအတွင်း ရပ်ကွက်နေပြည်သူလူဦးရေ(၁၂၀၀)ဝန်းကျင်ခန့် လာရောက်ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ (Biometric Data) ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်လင်းနှင့် ရာအိမ်မှူး/ ဆယ်အိမ်မှူးများက လိုအပ်သည်များ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ခဲ့ကြပြီး၊ အဆိုပါ အဖွဲ့အနေဖြင့် စံပြရပ်ကွက်တွင် ဆောင်ရွက်ပြီးစီးပါက ကျန်ရှိသည့် (၁၁) ရက်ကွက်တွင်လည်း အလှည့်ကျဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ပါက အခြေခံပညာအထက်တန်းကျောင်းများတွင်လည်း နောက်တစ်ကြိမ်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဖွဲ့တာဝန်ရှိသူမှ ပြောပါသည်။

နေအောင်(ပြန်/ဆက်)