မောက်မယ်မြို့နယ်တွင် ဖူးစားပြောင်းနှင့် အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စျေးကောင်းရရန် ဒေသခံတောင်သူများ မျှော်လင့်

မောက်မယ် စက်တင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ်လယ်ယာ၊ ခြံမြေများတွင် စိုက်ပျိုးထားသည့် ဖူးစားပြောင်းနှင့် အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံတောင်သူများအနေဖြင့် စျေးကောင်းရရန်လည်း မျော်လင့်လျက်ရှိကြောင်း သိရသည်။

ဖူးစာပြောင်းစိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစေရန် ရေလုံလောက်စွာသွင်းရပြီး စိုက်ပျိုးပြီးနှစ်လအကြာတွင် ဖူးစပြု၍ သုံးလအကြာတွင် အဖူးချိုးယူရောင်းချရပြီး ဖူးစားပြောင်းအမျိုးအစားများမှာ သကြားပြောင်း၊ ပြောင်းကြမ်း၊ ရှမ်းပြောင်း(ဗမာပြောင်း)ဟူ၍ သုံးမျိုးရှိရာ အစေ့ထုတ်ပြောင်းကြမ်းကို ဒေသနှင့်ကိုက်ညီသည့်မျိုးများဖြင့် ရွေးချယ်စိုက်ပျိုးကြရာတိရစ္ဆာန်များအတွက်သာ အသုံးပြုစိုက်ပျိုးကြသည်။

ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာတွင် ဖူးစားပြောင်းများကို စနစ်တကျစိုက်ပျိုးထားပါက အထွက်နှုန်းကောင်းမွန်ပြီး စိုက်ပျိုးရာတွင်လည်း ကျဲပက်ခြင်းနှင့် အတန်းလိုက်အစေ့ချစိုက်ပျိုးခြင်း စသည့်နည်းအမျိုးမျိုးရှိသော်လည်း အတန်းလိုက်အစေ့ချ၍ စနစ်တကျစိုက်ပျိုးပြီး ရေသွင်းခြင်း၊ ဆေးဖြန်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းများ ပြုလုပ်ပေးနိုင်သည့်အတွက် အပင်များပိုမိုကြီးထွား သန်မာစေကြောင်း၊ ဖူးစားပြောင်းများကိုစိုက်ပျိုးရာတွင် မျိုးစေ့တစ်ဗူးလျှင် နှစ်သောင်းကျပ်ခန့် ပေးဝယ်ရပြီး အဖူး ၁၂၀၀၀ ခန့်ထွက်ရှိကာ စိုက်ပျိုးသည့်မြေကောင်းလျှင် တစ်ပင်ကိုနှစ်ဖူးမှလေးဖူး အထိဖူးနိုင်ကြောင်း လက်ရှိအချိန်တွင် ဖူးစားပြောင်းစျေးနှုန်းမှာ  လက်လီစျေးတစ်ဖူးလျင် ၅၀၀ ကျပ်ဖြစ်ပြီး လက်ကားစျေးတစ်ဖူးလျင် ၄၅၀ကျပ်ရောင်းချရကြောင်း ဇွန်လမှစ၍ အစေ့ထုတ်ပြောင်းသီးနှံစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်သဖြင့်  ရောင်းချရလွယ်သည့် သီးနှံတစ်မျိုးဖြစ်ပြီး စတင်စိုက်ပျိုးချိန်မှ(၄)လကျော်ပါက စတင်ခူးဆွတ်ရောင်းချရပြီး ရောင်းစျေးအနေဖြင့် ယခင်နှစ်အစေ့ထုတ်ပြောင်းတစ်ပိဿာလျှင်(၈၅၀) ကျပ်ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ယခုနှစ်တွင် တွင်ကျယ်ကျယ်စိုက်ပျိုးကြရာ စျေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)