နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နမ့်စန်မြို့မှ ဖြတ်သန်း၍ သက်ဆိုင်ရာ မြို့နယ်အသီးသီးသို့ ဆက်လက်ထွက်ခွာ

နမ့်စန်(တ)     အောက်တိုဘာ     ၁၆

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာသော နေရပ်အသီးသီးသို့ ပြန်လာကြသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယနေ့ နံနက် ၇ နာရီ အချိန်တွင်  ရောက်ရှိခဲ့ ကြကြောင်း သိရသည်။

မော်တော်ယာဉ် ၃ စီးဖြင့် ရောက်ရှိဖြတ်သန်းလာသော နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမား ကျား (၃၆) ဦး ၊ မ (၄) ဦး စုစုပေါင်း( ၄၀) ဦးကို မြို့နယ်မှ တာဝန်ရှိသူများက  အမှတ်(၂)ရပ်ကွက် မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကြိုဆိုခဲ့ပြီး နမ့်စန်မြို့နေ ခရီးသည် ၁ ဦး အပါအဝင် မိုးနဲမြို့နှင့် မောက်မယ်မြို့သို့ ဆက်သွားမည့် ခရီးသည် စုစုပေါင်း  ၅ ဦးဆင်းခဲ့ပြီး  ကျန် ခရီးသည်များမှာ နံနက် ၇ နာရီ ၁၀ မိနစ်တွင် တောင်ကြီးမြို့သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးသည်များမှာ တာချီလိတ်မြို့တွင် Facility Quarantine (၁၄) ရက်ဝင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း စစ်ဆေးမှု အဖြေ ထွက်ထားသူများဖြစ်သည်။ နမ့်စန်ဆင်း ခရီးသည် ၁ ဦးကို နမ့်စန်မြို့နယ်မှ တာဝန်ရှိသူများက မြို့နယ်ပြည်သူ့ဆေးရုံ တွင် ကျန်းမာရေး စစ်ဆေးခဲ့ပြီး Home Quarantine ဆက်လက်နေထိုင်ရန် ဆောင်ရွက်ခဲ့ပြီး လင်းခေးခရိုင်သို့ ဆက်သွားမည့် ခရီးသည်များကို သက်ဆိုင်ရာ မြို့နယ်များနှင့် ချိတ်ဆက်၍ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)