မိုးညှင်း စက်တင်ဘာ ၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တကွင်းကျေးရွာ၌ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ယနေ့နံနက်(၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာရေရရှိရေး လုပ်ငန်းကော်မတီဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြည့်မီစွာတည်ဆောက်နိုင်ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးတို့ကိုလမ်းညွှန်မှာကြားပြီး လုပ်ငန်းများ အလျဉ်အမြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ တွင်းနက်တူးဖော်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် ရေစက်ရုံ တည်ဆောက် ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ ကွန်ကရစ်ရေစင်တည်ဆောက်ခြင်း၊ (၂)လက်မ ရေပိုက်လိုင်း ကျေးရွာတွင်း ပေ ၃၀၀၀ သွယ်တန်းခြင်းလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အင်ဂျင်နီယာအစုအဖွဲ့မှ ယခုဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ (၃၁) ဒဿမ (၃၄၀)ကျပ်သန်းဖြင့် ဇူလိုင်လနောက်ဆုံးပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းများ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် အဆိုပါ ရေရရှိရေးလုပ်ငန်း ပြီးစီးသွားပါက တကွင်းကျေးရွာနေပြည်သူများ သန့်ရှင်းသောသောက်သုံးရေကို ဖူလုံစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)