လမ်းမတော် စက်တင်ဘာ ၁
နေပြည်တော် ကုန်သည်စက်မှုအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် တာဝန်ရှိသူများထံသို့ ယမန်နေ့တွင် အသင်းချုပ်၌ လာရောက်တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များသည် ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို ကိုယ်စားပြု၍ လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အသင်းအဖွဲ့များအနေဖြင့် လုပ်ငန်းကဏ္ဍအလိုက်သော် လည်းကောင်း၊ ဒေသအလိုက်သော်လည်းကောင်း စစ်မှန်သောကိုယ်စားပြုမှုဖြင့် ပုဂ္ဂလိကကဏ္ဍအကျိုးကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လုပ်ငန်းလုပ်ဆောင်သည့်အခါ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်၍ အပြန်အလှန်လေးစားမှုရှိရမှာဖြစ်ကြောင်း၊ ယခင်ကာလများက အချို့အသင်းအဖွဲ့များသည် တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့အကျိုးအတွက် ဦးစားပေးဆောင်ရွက်သည်ကို ကြုံတွေ့ခဲ့ရပါကြောင်း၊ အသင်းချုပ်သည် ညီနောင်အသင်းအဖွဲ့များနှင့် စုပေါင်းဖွဲ့စည်းထားသည့်အတွက် ညီနောင်အသင်းအဖွဲ့များ၏ တန်ဖိုးသည် အသင်းချုပ်၏တန်ဖိုး ဖြစ်ပါကြောင်း၊ အသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များသည် ဦးတည်ချက်လားရာတူရမည် ဖြစ်ပါကြောင်း၊ အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ညီနောင်အသင်းများတွင် ဖွဲ့စည်းပုံစည်းမျဉ်းများရှိပြီး အသင်းချုပ်အနေဖြင့် ဖွဲ့စည်းပုံစည်းမျဉ်းများကို ကျော်လွန်၍ ဝင်ရောက်စွက်ဖက်ခွင့် မရှိပါကြောင်း၊ အသင်းချုပ်နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါကြောင်း၊ နေပြည်တော်အသင်းအနေဖြင့် အမှုဆောင်အဖွဲ့ကို တောင့်တင်းခိုင်မာအောင်ဖွဲ့စည်းရန်နှင့် အသင်းသားအင်အားတိုးတက်ရှာဖွေရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကစီးပွားလုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်နိုင်ရေးနှင့် ssssညီနောင်အသင်းအဖွဲ့များ အားကောင်းမောင်းသန်ဖြစ်ရေးကို အသင်းချုပ်က ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
တက်ရောက်လာသော နေပြည်တော်ကုန်သည်စက်မှုအသင်းဥက္ကဋ္ဌ ဦးအောင်ဇေယျက မိမိတို့အနေဖြင့် နေပြည်တော်တွင်းနှင့် အနီးတစ်ဝိုက်တွင် လုပ်ငန်းလုပ်ကိုင်နေသော ကုန်သည်နှင့်ကုန်သည်လုပ်ငန်းရှင်များ ကဏ္ဍစုံမှ စုစည်း၍ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ နေပြည်တော်တွင် ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများတိုးတက်ရန် ဆောင်ရွက်လိုပါကြောင်း၊ အသင်းချုပ်၏ ညွှန်ကြားချက်များကို လိုက်နာ၍ အသင်းချုပ်နှင့်လည်း အပြန်အလှန်၊ ချိတ်ဆက်၊ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အသင်းသစ်လည်းဖြစ်၍ အသင်းလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
တက်ရောက်လာသူများက အသင်းအဖွဲ့များ ပေါင်းစည်း၍ ပူးပေါင်းဆောင်ရွက်ရေး၊ ညီနောင်အသင်းအဖြစ် လျှောက်ထားမှုဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ နေပြည်တော်ကုန်သည်စက်မှုအသင်းဥက္ကဋ္ဌ ဦးအောင်ဇေယျနှင့် အဖွဲ့ဝင်များဖြစ်သော ဦးနန္ဒကျော်၊ ဒေါက်တာကိုကိုနိုင်၊ ဦးမင်းမင်း ၊ ဦးအာနန္ဒာ၊ ဦးဌေးအောင်တို့ တက်ရောက်ခဲ့ကြသည်။
ကျော်ဆန်းမြင့်